မနှစ်က ၂၀၁၂ ဖေဖော်ဝါရီလပိုင်းလောက်မှာ အနုပညာလောကမှာ အတော်လေး ပွက်လောရိုက်သွားတဲ့ စာအုပ်တစ်အုပ်ထွက်လာပါတယ်။ အဲဒါကတော့ Austin Kleon ရဲ့ Steal Like An Artist (အနုပညာ သမားတစ်ဦးကဲ့သို့ ခိုးချနည်း) လို့ ခေါင်းစဉ်တတ်ထားတဲ့ စာအုပ်ပါ။
စာအုပ်ရဲ့ အဖွင့်မှာ စစချင်းရေးထားတာက
Every artist gets asked the question, “Where do you get your ideas?”
The honest artist answers, “I steal them”.
အနုပညာသမား တော်တော်များများ အမေးခံရတယ်။ အိုင်ဒီယာတွေဘယ်ကရလဲ ?
ရိုးရိုးသားသား အဖြေ = ခိုးချထားတာ
စာအုပ်အစမှာတင် သူက ဆက်ဖတ်ဖြစ်အောင် မီးကိုအဲလိုမွှေးပေးလိုက်ပါတယ်။
အဲဒီလူဘယ်သူလဲ? ဘာလို့ဒီလိုပြောသလဲ ?
Austin Kleon က အမေရိကန်နိုင်ငံ တက်ဆက်(Texas) ပြည်နယ်က စာရေးဆရာ တစ်ဦးပါ။
သူကိုယ်တိုင်ပြောတဲ့ စာအုပ်သမိုင်းကြောင်းက ဒီလိုပါ
“ကျွန်တော့် စာရေးသက် တစ်ကွေ့မှာ တော်တော်လေးကို အိုင်ဒီယာပြတ်လပ်တဲ့ အခြေအနေတစ်ရပ်ကို ရောက်လာပါတယ်။တစ်နေ့ ကိုယ့်အခန်းထဲမှာ ကွန်ပျူတာရှေ့ထိုင်ပြီး ဘာရေးရမလဲ စဉ်းစားနေတုန်း တံခါးဝက သတင်းစာ အပုံကြီးကို တွေ့လိုက်တယ်။အဲဒီမှာတင် အိုင်ဒီယာ ရသွားတယ်။ ငါ့အခန်းဝမှာ စကားလုံးတွေ နေ့တိုင်းလာပေးနေတယ်။ ငါသုံးယူလို့ရမယ့် စကားလုံးတွေ။ ကျွန်တော် သတင်းစာတွေကို ဆွဲယူလိုက်တယ်။ စာမျက်နှာတွေပေါ်က ကြိုက်တဲ့ စကားလုံးလောက်ဘဲ ချန်ပြီး ကျန်တဲ့အပိုင်းတွေကို မှင်အနက်နဲ့ ဖျက်ထုတ် အဲဒီစကားလုံးတွေကို ပြန်စီပြီး ကဗျာတွေ စာပုဒ်တွေ အနေနဲ့ ကျွန်တော့် ဘလော့ပေါ်မှာ “newspaper blackout poems” ဆိုပြီး တင်ပါတယ်။ အမြင်အရတော့ စီအိုင်အေက Haiku ကဗျာရေးသလိုပေါ့ “



လူအကြည့်များလာတဲ့အခါ ကျွန်တော်လုပ်နေတဲ့အလုပ်က မူရင်းအိုင်ဒီယာမဟုတ်ဘူး။ ခိုးချထားတဲ့ အိုင်ဒီယာဆိုပြီး အပြောများလာပါတယ်။ ကျွန်တော် သူတို့အပြောကို အာရုံစိုက်ရပါတော့တယ်။ ကျွန်တော့်အပေါ် အများစု လက်ညိုးထိုးကြတာက အင်္ဂလန်က အနုပညာသမား Tom Phillips ပါ။ ၁၉၆၀ ပိုင်းလောက်မှာ Tom က စာအုပ်ဆိုင်တစ်ဆိုင်ထဲကိုဝင် ပထမဆုံးတွေ့တဲ့ ဝတ္ထုစာအုပ်ကိုယူ အိမ်ပြန်ပြီး စာမျက်နှာတွေပေါ်မှာ ပုံတွေဆွဲပါတယ်။ သူ့ပုံတွေမှာ ကျွန်တော်လုပ်တဲ့အတိုင်း စာလုံးတွေ ရွေးထုတ် ဖျက်ထုတ်လုပ်ထားတာ တွေ့နိုင်ပါတယ်။


ကျွန်တော့်ထက် နှစ်လေးဆယ် စောပြီး Tom က Hummunet (http://humument.com/) ဆိုတဲ့ project ကိုလုပ်ခဲ့ပါတယ်။သူ့အကြောင်းဆက်လေ့လာတော့ သူကလဲအဲဒီ အိုင်ဒီယာကို စာရေးဆရာ William Burroughs (1914-1997) ရဲ့ အင်တာဗျူးကို ဖတ်မိပြီး အကြံရတာပါ။ Williams ရဲ့ နည်းက စာပိုက်တစ်ခုကိုယူ အပြောင်းအလွှဲလုပ် ပြန်စီ စဉ်းစားပြီး အသစ်ဖြစ်အောင်ရေး။ တစ်ဖန် အဲဒီအကြံကလည်း သူ့သူငယ်ချင်း ပန်းချီ/ ကဗျာဆရာ Brion Gysin (1916-1986) ရဲ့ သတင်းစာဖြတ်တောက် စာကြောင်း အပေါ်အောက်စီ ကဗျာရေးနည်းကနေ ရလာတာပါ။ နည်းနည်းထပ်ပြီး လေ့လာလိုက်တဲ့ အခါကျတော့ Brionလည်း သူ့ထက် နှစ် ၃၀ လောက်စောတဲ့ ကဗျာဆရာ Tristan Tzara ( 1896-1963) ရဲ့ သတင်းစာပိုက် စင်ပေါ်တက် စကားလုံး ဖြတ်တောက် ကဗျာရွတ်တဲ့ စတိုင်ကနေ ယူထား တာဖြစ်နေပါတယ်။
ဒီလိုနဲ့ အဲဒီလမ်းကြောင်းကိုလိုက်တာ သတင်းစာပေါ်ဦးစ ၁၇၆၀ ပိုင်းကို ရောက်အသွားမှာ ရှာတွေ့တာက တော့ Benjamin Franklin (အမေရိကန်ဒေါ်လာ စက္ကူထဲက လူကြီး) ရဲ့ အိမ်နီးချင်းဖြစ်သူ Caleb Whitefoord ( 1734- 1810) ဟာ သတင်းစာ ကော်လံတွေကို ဖြတ်ညှပ်ကပ် သရော်ကဗျာတွေ စာတွေ ရေး အရက်ဘားမှာဟားတိုက် ပေါင်းချုပ်လုပ်ပြီးတောင် ဖြန့်ချီခဲ့ပါသေးတယ်။ နောက်ဆုံးတော့ ကျွန်တော်ထင်တဲ့ ကိုယ်ပိုင် အိုင်ဒီယာဟာ လုံးဝမူရင်း မဟုတ်ရုံတင်မက နှစ်ပေါင်း ၂၅၀ ကျော် ရာဇဝင် နဲ့ချီပြီး ဆင်းသက်လာတာကို တွေ့လိုက်ရပါတော့တယ်။
အဲဒီတော့ ကျွန်တော်ဘာလုပ်ရတော့မလဲ။ စိတ်ပျက် အားလျော့နေမယ့် အစား အနုပညာသမားတိုင်းသိပေမယ့် လူသိရှင်ကြား ဝန်ခံသူ သိပ်နည်းတဲ့ “NOTHING IS ORIGINAL” - ဘယ်အရာမှမူရင်း မဟုတ်တဲ့ အကြောင်း ကို ရေးသားဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

“ဘယ်အရာမှ မူရင်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရရှိလာတဲ့ အိုင်ဒီယာအသစ်တိုင်းဟာ ရှိနှင့်ပြီးသား အိုင်ဒီယာတွေကို ပေါင်းစပ်ပြီးဘဲ ဖြစ်ဖြစ် ခွဲထုတ်ပြီးဘဲ ဖြစ်ဖြစ် ရောသမမွှေပြီးဘဲဖြစ်ဖြစ် ရရှိလာကြတာပါဘဲ။
“ပုံကိုကြည့်ပါ။ ဒါ အနုပညာကျောင်းတွေမှာ သင်လေ့ရှိပါတယ်။ မျဉ်းပြိုင် ၂ကြောင်း ဆွဲ။ ဘယ်နှစ်လိုင်းရှိမလဲ။”

“အပေါ်လိုင်း အောက်လိုင်း သူတို့၂ကြောင်းရံလိုက်လို့ ဖြစ်လာတဲ့ အလယ်က အနက်လိုင်း 1+1 = 3“
“နောက်ထပ် ဥပမာပေးရရင် လူတစ်ယောက်ရဲ့ဖြစ်တည်မှု။ အဖေ့ဆီကမျိုးရိုး အမေ့ဆီကမျိုးရိုး မွေးလာတဲ့ကလေးတစ်ယောက်က အဖေ အမေနဲ့ ဘိုးစဉ်ဘောင်ဆက် ကဆင်းသက်လာတဲ့ ရောသမမွှေ မျိုးရိုးဗီဇ ။”

“မျိုးရိုးဗီဇလိုဘဲ ကျွန်တော်တို့ရဲ့ အိုင်ဒီရာ အတွေးအခေါ် ဗီဇကလည်း သိပ်မခြားနားပါဘူး။”
” မိဘကိုရွေးချယ်ပိုင်ခွင့်မရှိပေမယ့် ပေါင်းတဲ့သူငယ်ချင်း၊ နားထောင်တဲ့ဂီတ၊ ဖတ်တဲ့စာအုပ်ကို ရွေးချယ်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ ဟာ ကိုယ့်ဘဝထဲကို ဝင်ခွင့်ပြုခဲ့တဲ့ အရာတွေ ရောမွှေထားတဲ့ အစုအဝေးကြီး တစ်ခု။ ကျွန်တော်တို့ရဲ့ အတွေးတွေ အမြင်တွေအားလုံးဟာ ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက် တစ်နေရာရာဆီက အနည်းနဲ့အများ ကူးချလာခဲ့ကြတာပါဘဲ။ “
“အဲဒီတော့ ကျွန်တော်ဘာလုပ်သလဲဆိုတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ကျွန်တော့် အိုင်ဒီယာလေးဖြတ်သန်းလာခဲ့တဲ့ ခေတ်အဆက်ဆက်က အနုပညာသမားတွေကို ပေါင်းပြီး Family Tree လေးဆွဲလိုက်ပါတယ်။ ပြီးတော့ ကျွန်တော်လေးစားရတဲ့ အမြဲတမ်း သူတို့ဆီကတစ်ခုခုဘာခိုးရရင် ကောင်းမလဲဆိုပြီး မော့ကြည့်ရလေ့ရှိတဲ့ အနုပညာရှင်တွေကိုလည်း အဲဒီ tree ထဲပေါင်းထည့်လိုက်ပါတယ်။ ဝန်ခံပါတယ်။ကျွန်တော်ဟာ အားလုံးပေါင်းစပ်ထားတဲ့ သူခိုးတစ်ယောက်ပါ။ ဒါပေမယ့် သူတို့ဆီက ကျွန်တော် ပလိန်းကြီးခိုးချလေ့ရှိပါသလား။ မဟုတ်ပါ။ ကျွန်တော့်အတွက် အဓိပ္ပါယ်ရှိမဲ့ အရာ၊ ကျွန်တော့်ဖန်တီးမှုမှာ အထောက်အကူပြုမဲ့အရာ၊ စိတ်အားတက်စေမဲ့အရာ လောက်ကိုဘဲ ရွေးပြီး စုတုပြုလုပ်ပါတယ်။ Mr. Steve Jobs ကလည်း ဒီလို ပြောခဲ့ဘူးပါတယ်။ “လူ့သမိုင်းတစ်လျှောက်မှာ ကျွန်တော်တို့အားလုံး ခိုးချတဲ့ အမှုကို အရှက်မဲ့လုပ်ကြတယ်။ ဘဝမှာ အကောင်းဆုံးအရာတွေကို လေ့လာပါ။ ပြီးရင် ကိုယ်လုပ်မဲ့အလုပ်မှာ တတ်နိုင်သလောက် အားဖြည့်”
“ပီကာဆိုက အနုပညာသည် ခိုးမှုတစ်ခု (Art is Theft) လို့ ဆိုပါတယ်။ နာမည်ကြီး ဂီတပညာရှင် David Bowie ကိုလည်းတစ်ခါက သတင်းသမားတစ်ယောက်က ခင်ဗျားက မူရင်းဖန်တီးသူလား မေးတော့ သူက လုံးဝမဟုတ်ပါဘူး။ ကျွန်တော်က အရသာကောင်းသိတဲ့ သူခိုးပါ လို့ဘဲ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။”
“ဒီပုံလေးအတိုင်းပေါ့ အနုပညာ လက်ရာတစ်ခုကို ကြည့်ရင် ဘာခိုးသင့်သလဲ ခိုးသင့်ခိုးထိုက်လား ခိုးဖို့မတန်ရင်နောက်တစ်ခုပြောင်း ဒီလိုနည်းနဲ့ဘဲ ကျွန်တော်တို့ရဲ့ ဖန်တီးချင်စိတ်ကို အစာကျွေးရပါတယ်။ “

“ဒါပေမဲ့ ခိုးတယ်ဆိုတာ ပုံတူကူးချဖို့ပြောတာ မဟုတ်ပါဘူး။ ပုံတူကူးချတာ အနုပညာကို လေးစားရာမရောက်ပါဘူး။
“ကိုယ်ခိုးလာတဲ့ အတွေးအခေါ်လေးတွေကို စားပွဲပေါ်ယူလာ ဒီထက်ကောင်းအောင် ဘယ်လိုလုပ်မလဲ ကိုယ်ပိုင်ပစ္စည်းတစ်ခု ဖြစ်အောင်ဘယ်လိုပြုပြင် ပြောင်းလဲမလဲ အဲဒါကိုမှ အနုပညာသမားတစ်ယောက်ရဲ့ ခိုးချနည်းလို့ ကျွန်တော်ပြောချင်တာပါ။ ကဗျာဆရာ T.S. Eliot (1888- 1965) ပြောသလိုပါဘဲ မရင့်ကျက်တဲ့ကဗျာဆရာက လိုက်အတုခိုးတယ်။ တော်တဲ့ကဗျာဆရာက ပိုကောင်းအောင် ဖန်တီးတယ်။ အဲဒါမှ ကိုယ့်ကိုယ်ကိုကော တစ်ခြားသူအပေါ်ကော လေးစားရာရောက်ပါတယ်”
“ကဲ အဲဒီတော့ ခင်ဗျားတို့လည်း ကြိုက်တဲ့လူဆီက ကြုံသလိုခိုးပါ။ ပြီးရင် ကောင်းမွန်အောင်ဖန်တီးပါ။ အဲဒီနောက် ကျွန်တော်လည်း ခင်ဗျားတို့ဆီက ပြန်ခိုးပါမယ်။ ပြောချင်တာ ဒါပါဘဲ။ “
- အထက်ပါ စကားလုံးတွေ အကုန်လုံးက Steal Like an Artist ကိုရေးသားခဲ့သူ Austin Kleon မှပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ လက်မခံသူတွေလည်းရှိပေမဲ့ ပရိသတ်အခိုင်အမာနဲ့ အဲဒီစာအုပ်ဟာ နယူးယောက်တိုင်း (New York Times) ရဲ့ အရောင်းရဆုံး ဘက်ဆဲလား ဖြစ်သွားပါတယ်။။ အနုပညာ နယ်ပယ်မှာ အကောင်းဆုံး စာအုပ်အဖြစ်လည်း စာရင်းဝင်သွားပါတယ်။
ကိုယ်တိုင်ကတော့ နှစ်ကုန်ပိုင်းလောက်မှ ဖတ်ဖြစ်ပါတယ်။ ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ အနုပညာသမားတွေ နှုတ်ဆိတ်လေ့ရှိတဲ့ အကြောင်းအရာတွေကို သူ့စာအုပ်က ပြောင်ပြောင်တင်းတင်း ပွင့်ပွင့်လင်းလင်း ရေးထားလို့ပါဘဲ။ ဖြစ်နိုင်ရင် ရှာဖတ်ကြည့်စေချင်ပါတယ်။
တစ်ခြားနိုင်ငံတွေက သင်ကြားရေးမှာ ဘယ်လိုရှိလည်းမသိပေမဲ့ အမေရိကန်နိုင်ငံက ကျောင်းတော်တော်များများမှာ အနုပညာ ဘာသာရပ်တစ်ခုကိုသင်ရင် အဲဒီနယ်ပယ်က ခေတ်အဆက်ဆက် နာမည်ကြီးတွေ ဆရာတွေနဲ့ legend တွေရဲ့ အနုပညာ စတိုင်ကို လေ့လာရပါတယ်။ ရည်ရွယ်ချက်က ကိုယ်နဲ့.့ဘယ်သူနဲ့.့ကီးကိုက်မလဲဆိုတာ အရင်လိုက်ရှာဖို့ပါ။ ပန်းချီဆိုလည်း ပန်းချီ၊ ဓာတ်ပုံဆိုလည်းဓာတ်ပုံ၊ ဒီဇိုင်းဆိုလည်း ဒီဇိုင်း ပေါ့။ ။ ကျောင်းတုန်းက assignment တစ်ခုဆိုရင် ဓာတ်ပုံဆရာ အများကြီးရဲ့စတိုင်ကို လေ့လာ ကိုယ်ကြိုက်တဲ့ ဓာတ်ပုံဆရာကိုရွေး သူ့ဆီက အကြိုက်ဆုံး ဓာတ်ပုံ ၂ပုံကိုယူ၊ တစ်ပုံကို ချွပ်စွတ်ပြန်ရိုက် နောက်တစ်ပုံကို အိုင်ဒီယာယူ ပြောင်းပြီးထွင်ရိုက် လုပ်ရပါတယ်။ ပုံတူကူးရတဲ့ အကြောင်းရင်းက မူရင်းဓာတ်ပုံဆရာသုံးတဲ့ နည်းပညာကို သိစေချင်လို့ဖြစ်ပြီး ထွင်ရိုက်ရတာကတော့ အိုင်ဒီယာအလွှဲအပြောင်း လုပ်တတ်အောင်ပါ။ ကိုယ်တိုင်လည်း ပထမဆုံး conceptual project ဖြစ်တဲ့ Escape ထဲက ဓာတ်ပုံအချို့ ကို အဲဒီနည်းနဲ့ဖန်တီးခဲ့ပါတယ်။ အရင်ကတော့ flickr မှာ ဖန်တီးပုံအသေးစိတ်ရေးဘူးပါတယ်။ခုတော့ pro account လဲကုန် သုံးလဲမသုံးဖြစ်တော့ ဘယ်ရောက်သွားလဲ မသိတော့ပါဘူး (စတိုင်ဆိုလို့ ဓာတ်ပုံစတိုင်တွေအကြောင်းလဲ ရေးမယ် ရေးမယ်ဆိုပြီး အပိုင်း၁ ကနေ မတက်ဖြစ်နေပါတယ်။ အားရင် အပျင်းမတစ်ရင် ထပ်ရေးပေးပါမယ်)
ဆိုလိုတာက အနုပညာသမားတိုင်း အနုပညာသမားမှတင် မဟုတ်ပါဘူး တီထွင်ဖန်တီးသူတိုင်း အနည်းနဲ့အများတော့ သူတို့ကြိုက်တဲ့ စံပြပုဂ္ဂိုလ် Idol တွေရဲ့ ဩဇာလွှမ်းမိုးမှုကို ခံကြရပါတယ်။ အနုပညာ ဆိုတာ ရင်ဘတ်ထဲက လာမှပြောင်မြောက်တယ်ဆိုတဲ့ အဆိုကို လုံးဝလက်ခံပါတယ်။ ဒါပေမဲ့ အဲဒီရင်ဘတ်ထဲကို ရောက်လာတဲ့ အရာတွေက လမ်းမှာဘာတွေ့ခဲ့လို့ ဘယ်ရုပ်ရှင်ကိုကြည့်မိလို့ ဘယ်သီချင်းက heart ထိသွားလို့ ဆိုတဲ့ ဘယ်လိုရောက်လာလဲ ဆိုတာကို တွေးကြည့်ရင် မူရင်းဆိုတာ မသည်းကွဲတဲ့ အကြောင်းကို ကောင်းကောင်းကြီး နားလည်နိုင်ပါတယ်။
ဒါတွေရေးနေတာ ပုံတူကူးဖို့ ခိုးချင်ရာခိုးဖို့ မြှောက်ပင့်ရေးနေတာ မဟုတ်ပါဘူး။ အပေါ်ကစာအုပ်ကို ရေးခဲ့တဲ့ Austin Kleon နဲ့ သူ့အရင်က စာရေးဆရာတွေ အိုင်ဒီယာဆင်းသက်ပုံ နည်းပညာ တူပေမဲ့ ထွက်လာတဲ့ ကဗျာ မတူပါဘူး။ Martin Munkacsi ကို အားကျလို့ သူ့လို လိုက်ရိုက်ခဲ့တဲ့ Henri Cartier Bresson ဖန်တီးခဲ့တာ Martin Munkacisရဲ့ ပုံတူဓာတ်ပုံတွေ မဟုတ်ပါဘူး။ သူ့ signature Decisive Moments ပါ.
ဥပမာ အားဖြင့် ကိုယ်တိုင်လည်းကြိုက်တဲ့ ဓာတ်ပုံဆရာ အများစုလည်း မျက်စိကျတဲ့ Edward Hopper ရဲ့ ပန်းချီကားတစ်ချပ်ကို လေ့လာကြည့်ရအောင်

ဒီပုံကို ဘယ်လို အိုင်ဒီယာပွါး ထုတ်နိုင်မလဲ။ ကောင်မလေးနေရာမှာ အဖွားကြီးဆိုရင် ဘယ်လိုဖြစ်မလဲ။ လူတစ်ယောက်မဟုတ် နှစ်ယောက်ဆိုရင် ဘယ်လိုပြောင်းလဲသွားမလဲ။ သုံးယောက်ဆိုရင်ရော ဘယ်လိုနေရာချမလဲ။ နေရာအခင်းအကျင်း ကိုဘယ်လိုပြောင်းနိုင်မလဲ။ အလင်းအမှောင်ကို ဘယ်လိုရွှေ့ပြီး ခံစားချက်တစ်မျိုးဖြစ်သွားအောင် ဘယ်လိုပြောင်းယူမလဲ။ လူတစ်ယောက်မှမထည့်တော့ဘူးဆိုရင်ရော။ အဝတ်အစားအရရော ဒါမှမဟုတ် ဘာမှပေးမဝတ်ဘူးဆိုရင်ရော ဟဲဟဲ ဒီတစ်ပုံထဲနဲ့တင် အများကြီးပွါးပြီးတွေးကြည့်နိုင်ပါတယ်။ လူတိုင်းမှာ တရားဝင်လွတ်လွတ်လပ်လပ် တွေးခေါ်ခွင့်ရှိတဲ့ အတွက် စိတ်ကူးထဲမှာ မကျေနပ်ရင် လူသတ်ပိုင်ခွင့် လိုင်စင်တောင်ရှိပါတယ်။ ဘယ်လောက်ကောင်းလိုက်လဲ

ဒါ ပန်းချီဆရာDelacroix’s ရဲ့ ‘The Death of Sardanapalus’ ဆိုတဲ့ပုံပါ။ အဲဒါကိုကြည့်ပြီး နာမည်ကျော် ဓာတ်ပုံဆရာ Jeff Wall က အောက်ကပုံ The Destroyed Room 1978 ကိုဖန်တီးပါတယ်။ နှိုင်းယှဉ်ကြည့်ပါ

ဆိုလိုတာက ဒီနည်းနဲ့ အိုင်ဒီယာရှာမှ ရမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါဟာ သုံးတတ်ရင် အရမ်းကို အကျိုးရှိတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ ကိုယ်တိုင်လည်း အိုင်ဒီယာဆိုတာ ကြုံရင်ကြုံသလို စာအုပ်ဖတ်ရင်းဖြစ်ဖြစ် သီချင်းနားထောင်ရင်းဖြစ်ဖြစ် အိပ်မက်မက်ရင်းဖြစ်ဖြစ် လမ်းမှာမြင်မိ စဉ်းစားမိရင်းဖြစ်ဖြစ် ဒီလိုဘဲရလာတာပါဘဲ။
အိုင်ဒီယာရှာရတာ အဲလောက်မခက်ပါဘူး အဲဒါကို အကောင်အထည်ဖော်ဖို့ကမှ ပိုခက်ပါသေးတယ်။ ခုမြန်မာနိုင်ငံမှာ နည်းပညာတွေအများကြီး ဖွံ့ဖြိုးလာပါပြီ။ ရိုက်ကူးရေး ကွာလတီတွေလည်း လွန်ခဲ့တဲ့ ၅နှစ်လောက်ကနဲ့စာရင် အများကြီး ကောင်းလာပါပြီ ။ ဒါပေမဲ့ တစ်ချို့သူတွေ ခုချိန်ထိ သူများသီချင်းတွေ ပေါ်တင်ကြီးကူးချတုန်း၊ သူများ ဇာတ်လမ်းကို ကိုယ့်ဝထ္ထုလို လုပ်ရေးတုန်း၊ သူများရုပ်ရှင်တွေက အတင်းဖြတ်ညှပ်ကူးတုန်း၊ နောက်ဆုံး သီချင်းဗီဒီယိုတွေပါ ပုံတူချွပ်စွပ်ရိုက်ကူးခြင်းကတော့ ဝမ်းနည်းဖွယ်ကောင်းလှပါတယ်။ တကယ်တော့ ကိုယ့်လမ်းကိုယ်လျှောက် ကိုယ်ဖြစ်ကိုယ်ခံလောကကြီးမှာ ဘယ်သူ့ကိုမှ ဆရာမလုပ်လိုပါဘူး။ လုပ်ရအောင် ဆရာလည်းမဟုတ်ပါဘူး။ ရုံးကန်နေဆဲ ဖန်တီးသူတစ်ယောက်ဘဲ ဖြစ်ပါတယ်။
ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်ပါ။ Information တွေအများကြီး လေ့လာလို့မကုန်အောင် များလှတဲ့ ကျောင်းတက်စရာ မလိုတော့လောက်အောင် ပညာတွေ အလကားရနေတဲ့ internet ခေတ်ကြီးထဲမှာ အိုင်ဒီယာတစ်ခုကို ပြောင်းလဲပစ်လိုက်ဖို့ ချဲ့ထွင်ပစ်လိုက်ဖို့ ကိုယ်ပိုင်ဟန်တွေလုပ်ပစ်လိုက်ဖို့နည်းတွေ အများကြီး ရှိရဲ့သားနဲ့မှ သူများနိုင်ငံက ဘာမှသိပ်အဖိုးမတန်တဲ့ ဥပမာ ကိုရီးယား ကလာတဲ့ ပေါတောတော pop culture အိုင်ဒီယာလောက်ကို ပုံတူ ချွတ်စွပ် တသဝေမတိမ်း ခိုးချခြင်းဖြင့် ကိုယ့်နာမည်ပျက်ရ အပြောအဆို ခံရ သိက္ခာကျခံရတာ တန်ကောတန်ရဲ့လား ?
“Good Artists Imitate, Great Artists Steal” – ” ကောင်းတဲ့အနုပညာသမားတွေက တုပတယ်။ ပြောင်မြောက်တဲ့ အနုပညာသမားတွေက ခိုးတယ်။ ပီကာဆိုရဲ့ နာမည်ကျော်စကားပါ။”
ဒါကို အင်္ဂလန်က Graffiti Artist BANKSY ကခပ်တည်တည်ဘဲ ဒီလို ပြန်ခုတ်လိုက်ပါတယ်။

ကဲဘဲ့နှယ့်ရှိစ ?
အားလုံးဘဲ ပိုမိုကောင်းမွန်တဲ့ အနုပညာတွေ ဆထက်တပိုး ဖန်တီးနိုင်ကြပါစေ။
Htet T San
www.htettsan.com
References;
1. Austinရဲ့သတင်းစာ ဖြတ်ညှပ်ကပ်ကဗျာတွေ ဖတ်ချင်ရင်ဒီမှာပါ http://austinkleon.com/newspaperblackout/
2. သူ့ရဲ့ ဟောပြောပွဲကို နားထောင်ချင်ရင် ဒီမှာပါ http://www.youtube.com/watch?v=oww7oB9rjgw
3. စာအုပ်ဝယ်ဖတ်ချင်ရင်တော့ဒီမှာပါ။ Recommend လုပ်ပါတယ်။ http://www.amazon.com/Steal-Like-Artist-Things-Creative/dp/0761169253
4. Google
Like this:
Like Loading...